ရေပေါ်တွင် ခြေတံရှည်အိမ်များဖြင့် ကျေးရွာတည်ထားသည့် ကျောက္ကာရွာအား မြိတ်ကျွန်းစု ခရီးစဉ်အသစ်အဖြစ် ယခုနှစ်အတွင်း ထည့်သွင်းရေးဆွဲမည်

#11MediaGroup | ဇော်မိုးဦး (မြိတ်) |
7 NOVEMBER 2018

ရေပေါ်တွင် ခြေတံရှည်အိမ်များဖြင့် ကျေးရွာတည်ထားသည့် ကျောက္ကာတံငါရွာသို့ ယခုနှစ်တွင် မြိတ်ကျွန်းစုခရီးစဉ် အသစ်အဖြစ် ထည့်သွင်းရေးဆွဲကာ ခရီးသည်များအား ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ပြောကြားသည်။

မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း ပါဝင်သည့် ကျောက္ကာကျေးရွာမှာ တံငါလုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုပြီး ပင်လယ်အတွင်းရှိ ရေလယ်ကျွန်း ပတ်ပတ်လည်တွင် ခြေတံရှည်အိမ်များကို ရေပေါ်တွင် တည်ဆောက်ထားသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။ ကျွန်းခရီးစဉ်များအပြင် စိတ်ဝင်စားဖွယ် ခရီးစဉ်အသစ်များ ရေးဆွဲရာတွင် တံငါသည်များ နေထိုင်မှု ပုံစံများကိုပါ လေ့လာနိုင်မည့် ကျောက္ကာ ကျေးရွာကို ခရီးစဉ်အသစ်အဖြစ် ထည့်သွင်း သွားမည် ဖြစ်ကြောင်း သိရသည်။

“မြိတ်ခရိုင်မှာ လေးမြို့နယ်ရှိတယ်။ မြိတ်၊ ကျွန်းစု၊ တနင်္သာရီနဲ့ ပုလောမြို့နယ် တို့ဖြစ်တယ်။ ကျောက္ကာကျေးရွာက ပုလောမြို့နယ် အပိုင်ဖြစ်တယ်။ ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းအနေနဲ့ လေးမြို့နယ် အတွင်းက ခရီးစဉ်တွေကိုရေးဆွဲရာမှာ အများအားဖြင့် ကျွန်းစုမြို့နယ်အတွင်းက ခရီးစဉ်တွေကို ခရီးသွားတွေ အသွားအလာများကြတယ်။ တနင်္သာရီဘက်မှာဆိုရင် ဓားသွေးချောင်း၊ နဂါးလှေပွဲတွေ ခရီးစဉ်အသစ်ဆွဲလာတယ်။ ကျွန်းစုမြို့နယ်ဘက်မှာဆိုရင် နဝရတ်ရေအိုင်စသဖြင့် လူအများ စိတ်ဝင်စားနိုင်တဲ့နေရာတွေ ရှိတယ်။ ပုလောမြို့မှာဆိုရင် ဘုရားခြေတော်ရာရှိတယ်။ ကျောက္ကာရွာက လေယာဉ်ပေါ်ကကြည့်ရင် ခရီးသွား စိတ်ဝင်စားကြတယ်။ လူမှုကွန်ရက်ကနေ ဆက်သွယ်ပြီး မေးမြန်းတာများလာတယ်။ ပင်လယ်ထဲမှာ ကဏန်းလက်မ ပုံစံရှိနေတယ်။ ရေလယ်ကျွန်းပေါ်မှာ တည်ထားတယ်။ ကျွန်းစုမြို့နယ်ထဲမှာ ကြတ်ချောင်းနဲ့ သဲချောင်းရွာတွေလည်း ရေပေါ်မှာအိမ်ဆောက်ပြီး နေကြတယ်” ဟု Mergui Dolphin မန်နေဂျာ ဦးမြင့်သန်း Mergui Dolphin က ပြောကြားသည်။

မြိတ်ကျွန်းစုတွင် ခရီးစဉ်နှစ်ခုသာ ပြေးဆွဲနေကြပြီး ဒုံးညောင်းမှိုင်းအခြေပြုနှင့် လေးကျွန်းအခြေပြု ခရီးစဉ်များဖြစ်ကာ တံငါသည်များ၏ လူနေမှုဘဝနှင့် ရေပေါ်ကျေးရွာသို့ သွားရောက်လေ့လာနိုင်ရန် ခရီးစဉ် အသစ်တစ်ခု ထပ်မံရေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“ရွာဒေသခံတွေက ခြေတံရှည်အိမ်လေးတွေနဲ့နေကြတယ်။ အင်းလေးလိုပေါ့။ မြိတ်ခရိုင်အတွင်းမှာ ဆိုရင် နှစ်နေရာရှိပါတယ်။ ကျောက္ကာရွာနဲ့ ကြတ်ချောင်းရွာတို့ဖြစ်တယ်။ နိုင်ငံခြားခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေ စိတ်ဝင်စားနိုင်တဲ့ အနေအထားရှိလို့ ခရီးစဉ်ဆွဲတာပါ။ ဒီနေရာက မြိတ်နဲ့လည်း အရမ်းနီးတယ်။ နာရီဝက်လောက်နဲ့ သွားနိုင်တယ်။ ဒါကြောင့် ဒီနေရာကို ရွေးချယ်ရတာပါ။ ဈေးနှုန်းကတော့ မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်တွေ အစည်းအဝေးထိုင်ပြီးမှ အတည် ပြုနိုင်မှာပါ” ဟု Swel Taw Travels & Tours မှ ဒါရိုက်တာ ဦးအောင်ကိုဝင်းက ပြောကြားသည်။

မြိတ်မြို့မှရေမိုင် ၂၀ ကျော်သာကွာဝေးပြီး ကျောက္ကာကျေးရွာမှတစ်ဆင့် ပလမြို့နယ် ပါဒစက်တော်ရာခြေတော်ရာသို့လည်း သွားရောက်လည်ပတ် ဖူးမြော်နိုင်ရန်အတွက် ခရီးစဉ်များ စီစဉ်ရန်ရှိကြောင်း သိရသည်။အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ကျောက္ကာ ကျေးရွာတွင် အိမ်ခြေတစ်ဝက်ခန့်မှာ ရေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တံငါလုပ်ငန်းများစွာကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။